Share to: share facebook share twitter share wa share telegram print page

မြောက်ဝင်ရိုးစွန်း

မြောက်ဝင်ရိုးစွန်း ရှုခင်းတစ်ခု

မြောက်ဝင်ရိုးစွန်း ။ ။ ကမ္ဘာလုံး မြေပုံတစ်ခုကို ကြည့်လျှင် အထက်ဖက်မှ အောက်သို့ ဆွဲထားသော မျဉ်းကြောင်းများကို မြင်ရပေမည်။ ယင်းမျဉ်းကြောင်းများ အားလုံးဆုံမိသည့် အထက်ပိုင်းနေရာ သည် မြောက်ဝင်ရိုးစွန်းတည်ရှိသည့် နေရာပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် မြောက်ဝင်ရိုးစွန်း ဆိုသည်မှာ ကမ္ဘာမြေကြီး၏ မြောက်ဖက်အကျဆုံးနေရာကို ခေါ်ခြင်းပင် ဖြစ်သည်။ မြောက်ဝင်ရိုးစွန်းကိုကမ္ဘာမြေပုံပေါ်တွင် ထောက်ပြနိုင်သော်လည်း မြေကြီးပေါ်၌ မည်သည့်နေရာ ဖြစ်သည်ဟူ၍ မည်သူမှ အတိအကျ မပြသနိုင်သေးချေ။ မြောက်ဝင်ရိုးစွန်း ဟူရာ၌ ပထဝီ မြောက်ဝင်ရိုးစွန်းနှင့် သံလိုက် မြောက်ဝင်ရိုးစွန်းဟူ၍ နှစ်မျိုးရှိသည်။ အထက်၌ ဖော်ပြခဲ့သော မြောက်ဝင်ရိုးစွန်းမှာ ပထဝီမြောက်ဝင်ရိုးစွန်းဖြစ်သည်။ သံလိုက်မြောက်ဝင်ရိုးစွန်းသည်ကား ပထဝီမြောက်ဝင်ရိုးစွန်းနှင့်တထပ်တည်း မဟုတ်ဘဲ ၁၉၄၇ ခုနှစ်တွင် နောက်ဆုံး ရှာဖွေတွေ့ရှိချက်အရဆိုလျှင် အိမ်မြှောင်ကရိယာက မြောက်ဖက်သို့ ပြသည့်ဖက်တွင် တသီးတခြား တည်ရှိလေသည်။ သံလိုက် မြောက်ဝင်ရိုးစွန်းသည် ပရင့်စအော့ဝေးနှင့် ဆိုမာဆက်ကျွန်းစုများ အနီးအနား တွင် တည်ရှိသည်ဟု ဆိုလေသည်။ မြောက်ဝင်ရိုးစွန်းသည် အလွန် အေးမြသော အာတိတ် သမုဒ္ဒရာ ဒေသတွင် တည်ရှိနေသဖြင့် ဆယ့်နှစ်ရာသီ ကာလပတ်လုံး ရေခဲအတိ ဖုံးလွှမ်းလျက်ရှိလေသည်။ မြေကြီး ဟူ၍ မရှိသော်လည်း မျက်နှာပြင်သည် ထုထည်ကြီးမား လှသော ရေခဲပြင်ဖြစ်ခြင်းကြောင့် အစဉ်သဖြင့် မာကျောနေသည်။ ရောဗတ် အီး၊ ပီယားရီ အမည်ရှိ အမေရိကန် လူမျိုးတစ်ဦးသည် မြောက်ဝင်ရိုးစွန်းသို့ ၁၉ဝ၉ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရှေးဦးစွာ ရောက်ရှိခဲ့လေသည်။ ( ပီယားရီယ ရောဗတ်အက်ဒွင်။) []

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya